Kawlram Kani khua ah nihin 12.7.2021 ah mithi ruak 15 an hmuh hna ti si,hi mithi 15 hi ralhrang khawngcil nih an thah mi hna a si tiah an chim.
Breaking News-
ကနီ၊ ယင်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၄ ဦးနှင့် ကုန်းသာကျေးရွာမှ ၁ ဦး စုစုပေါင်း ၁၅ ဦးတို့ကို စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်သွား
ရန်ကုန်၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းကျေးရွာအုပ်စု ၊ ယင်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၄ ဦး၊ ကုန်းသာကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စုစုပေါင်း ၁၅ ဦးတို့ကို စစ်တပ်က အစုလိုက် အပြုံလိုက် တောနင်းရှာဖွေ သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇူလိုင် ၈ ရက်နေ့တွင် ကနီမြို့နယ်၊ ယင်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်အင်အား ၁၀၀ နှင့် ၂၀၀ အကြား အင်အားအလုံးအရင်းဖြင့် တောနင်းပြီး စစ်ဘေးရှောင်ပြည်သူများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများသည် တောရွာများမှ ထွက်ပြေးလာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း မဟုတ်ကြောင်း၊ ငွေနှင့် ရွှေများကိုလည်း လုယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
"ယင်းအုပ်စုမှာတော့ ပြည်သူလူထုတွေက များသောအားဖြင့် တောထဲမှာ ပုန်းရှောင်နေကြတာ။ ပုန်းရှောင်နေကြတာကို စစ်အာဏာရှင်အုပ်စုတွေက ကနီမြို့နယ် အရှေ့ဘက်ခြမ်းတစ်ခုလုံးတက်လာပြီးတော့ ယင်းအုပ်စုကို ရောက်လာတယ်။ အဲဒီမယ် ရွာတွေထဲကိုမဝင်ဘဲနဲ့ တောတွေထဲကို ဝင်မယ်ဆိုပြီးပုန်းရှောင်နေကြတာ။ များသောအားဖြင့် ရွာတွေကို ဖျက်ဆီးတယ်။ သတ်တယ် ဖြတ်တယ်ပေါ့။ အဲဒီလိုပဲကြားတာလေ။ ကျနော်တို့ ပြည်သူလူထုတွေက အဲဒါတွေကြားတော့ တောထဲမှာ တိမ်းရှောင်နေကြတာ။ အဲဒါ ရွာတွေထဲမဝင်ဘဲနဲ့ တောထဲ မတရား တောနင်း ၄ မိုင်၊ ၅မိုင်လောက်ကို ဝင်လာပြီးတော့ တစ်ခါတည်း ပစ်သတ်သွားတာ တစ်မိုင်လောက်သာ ထပ်တက်ရင် ပြေးစရာမရှိဘူး။ ပစ်ခတ်ပြီးတော့ ။ ၅ ရက်မြောက်မှာ Dad Bodies တွေ့ရတာ။ အဲဒီ အလောင်းတွေကိုလည်း မကိုင်ရဲဘူး။ မိုင်းတွေက ထောင်ထားတော့ ဒီအတိုင်းပဲ ပစ်ထားရတယ်။ ကျနော်တို့ တော်တော်ကို ဝမ်းနည်းပက်လက်ဖြစ်တယ်။ ရက်စက်တာတော့ တော်တော်ကို တရားလွန်တယ်။ ယင်းကျေးရွာ ၁၄ လောင်း၊ ကုန်းသာကျေးရွာက ၁ လောင်း အတည်ပြုနိုင်ပါတယ်။ ပြည်သူတွေပါ ။ ရွာတွေထဲဝင်ပြီး မီးရှို့သွားတောင် မပြောလိုဘူး။ တွေ့တဲ့သူတွေဆီက ဦးကြီးတွေဆီက ၂၃ သိန်း ပါသွားတယ်။ ရွှေတိုငွေစတွေ အကုန်ပါသွားတယ်။ တောထဲမှာ ဆိုင်ကယ်တွေ ရိုက်ခွဲ ကားတွေကို ရိုက်ခွဲလုပ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင် အလောင်းများကို မကိုင်ရဲကြောင်း၊ တချို့အလောင်းများအောက်တွင် မိုင်းများ ထောင်ထားကြောင်း ဒေသခံများက ဆိုကြသည်။
(အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးနှင့် မေးမြန်းချက် အပြည့်အစုံကို မကြာခင် တင်ဆက်ပါမည်)