မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာမှာ ပြည်သူ ၂၀ ကျော်ကို စစ်တပ်က အစုလိုက်သတ်ဖြတ်
ဖေဖော်ဝါရီ ၄။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၂၀ကျော်ကို သတ်ဖြတ်ပြီး မီးရှို့ထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးကိုပါ အဓမ္မပြုကျင့်ပြီး ခုတ်ထစ်မီးရှို့သတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့စကားကို ကိုးကားပြီး PVTVက ရေးသားထားပါတယ်။
"အပြစ်မဲ့ပြည်သူ အယောက် ၂၀ တော့ ဟုတ်တယ်ဗျ။ အဓမ္မပြုကျင့်တာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးဗျ"လို့ မြင်းမူအခြေစိုက် Myinmu MM-PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသတင်းကို ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၁၁ နာရီခန့်က မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာအနီးရှိ PDF သင်တန်းဆင်းပွဲကို ရဟတ်ယာဉ်များနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်
ကျေးရွာအတွင်း တပ်ဆွဲကာ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်ကာ ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ PDF စခန်းကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Zamani Revolution Force/ MMU Myaung ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
“ရဟတ်ယာဉ်က အခင်းဖြစ်တဲ့နေရာမှာ ပတ်ဝဲနေပြီးတော့ MI - 35 (တိုက်ခိုက်ရေးရဟတ်ယာဉ်) ပေါ်ကနေ ဗုံးနဲ့ ၆ ကြိမ်လောက် ကြဲတယ်ဗျ။
ရဟတ်ယာဉ်နှစ်စင်းကတော့ အခင်းဖြစ်တဲ့နေရာရဲ့ အရှေ့ဘက်မှာ လူချသွားတယ်” လို့ မြင်းမူမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ခံ ကိုစေတန်ဆိုသူက Myanmar Now ကို ပြောပါတယ်။
ရဟတ်ယာဉ်ဖြင့် စစ်သား ၄၀ ခန့်ကို ပဒတ်ထိုင်းရွာအရှေ့ဘုန်းကြီးကျောင်းနားမှာ ချထားပြီး ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ဒေသခံ လူပေါင်းအနည်းဆုံး ၄၀ ကျော်ကိုဖမ်းဆီးခဲ့ကြောင်း သတင်းများအရသိရပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ရွာတောင်ဘက်ရှိ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာသားများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ပြီးနောက် ဖမ်းဆီးခံပြည်သူများကို ညနေ ၅ နာရီခန့်မှာပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အသတ်ဖြတ်ခံရတဲ့ ဒေသခံပြည်သူ ၂၀ ကျော်အနက် မီးရှို့ခံရသူများရဲ့ အလောင်းအပိုင်းအစတွေကို လယ်ကွင်းတွေမှာ စွန့်ပစ်ထားကြောင်း PVTV ရဲ့ဓါတ်ပုံမှတ်တမ်းအရ တွေ့ရှိရပါတယ်။
ပဒတ္ထိုင်းကျေးရွာဟာ အာဏာရှင်ဆန့်ကျင်ရေးအားကောင်းတဲ့ ချောင်းဦးနယ်နဲ့ မြောင်နယ်တို့အစပ်မှာ ရှိပါတယ်။
Ref : PVTV , People's Spring, Myanmar Now, Zamani Revolution Force/ MMU Myaung
Photo : PVTV
#BHRN
#WhatsHappeningInMyanmar
#ArsonAttack
#RejectMilitaryCoup